ဘာတွေစားရင် အသည်းကို ကျန်းမာစေမလဲ
အသည်း ကောင်းမှာ နေ့စဉ်ဘဝကို ထိုင်းမှိုင်းမှု ကင်းပြီး တက်ကြွလန်းဆန်းစွာနဲ့ ဖြတ်သန်းနိုင်မယ်ဆိုရင် ယုံမလား။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အစာတွေကို ချေဖျက်ပေးပြီး ခန္ဓာကိုယ်အတွက် နောင်တစ်ချိန်မှာ လိုအပ်လာမယ့် ဗီတာမင်တွေကို သိမ်းဆည်းပေးပါ။
နောက်တစ်ခုက အသည်းက သူ့ကိုယ်သူ ပြုပြင်နိုင်တာပါ။ ဒါပေမယ့် အချို့သော အစားအစာတွေကတော့ အသည်းကို လုပ်နိုင်စွမ်းထက် ပိုလုပ်ရအောင် ဝန်ပိစေပြီး အချို့ အစားအစာတွေကတော့ အသည်းကို ကျန်းမာစေပြီး အချို့သော အသည်းရောဂါတွေကို ကာကွယ်တိုက်ထုတ်နိုင်စေဖို့ အားဖြည့်ပေးပါတယ်။
ဒီတော့ အသည်းကျန်းမာစေဖို့ ဘာတွေစားရမလဲ? ဆိုပြီး သိချင်နေပြီလား ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ပါ။
အသည်းကျန်းမာစေဖို့ အစားအစာတွေက ဘာတွေများလဲ?
အသည်းကျန်းမာချင်သူတိုင်း နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးသင့်တာတွေက
ကော်ဖီ
နေ့တစ်နေ့ကို ကော်ဖီစစ်စစ် တစ်ခွက်နဲ့ အစပြုခြင်းက စိတ်ကိုကြည်လင်စေသလို အသည်း ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်တာက နာတာရှည် အသည်းရောဂါ မဖြစ်အောင် ကာကွယ်တာပါပဲ။ ကော်ဖီထဲကို သကြားတွေ၊ creamer တွေတော့ မထည့်နဲ့နော်။
ရေနွေးကြမ်း
ကော်ဖီ မကြိုက်သူတွေအတွက်တော့ ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။ လေ့လာမှုတွေအရ လက်ဖက်စိမ်း ရေနွေးကြမ်းက အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ တစ်နေ့ကို ရေနွေးကြမ်း တစ်ခွက်ကနေ ၃ ခွက်အထိ သောက်ပေးလို့ ရပါတယ်။
ငါး နဲ့ ကြက်သား
အသည်းရဲ့ အရေးအကြီးဆုံး တာဝန်တစ်ခုက ခန္ဓာကိုယ်မှာ အသုံးပြုဖို့ လိုအပ်တဲ့ အမျိုးမျိုးသော ပရိုတင်းတွေ၊ အဆီတွေနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို လုပ်ဆောင်ပေးတာပါ။ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် အသည်းက ပရိုတင်းတွေကို လုပ်ဆောင်ရပါတယ်။ ကျန်းမာတဲ့ ပရိုတင်းတွေကို စားသုံးတာက လိုအပ်တဲ့ အာဟာရကို ရရှိစေသလို အသည်းကိုလည်း ကျန်းမာစေပါတယ်။ ဒါကြောင့် ငါးနဲ့ အရေခါံ မပါတဲ့ ကြက်သားတွေကို စားပေးပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်
ကိုက်လန်၊ မုန်ညှင်းတို့လိုမျိုး အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာ အသည်းကျန်းမာစေနိုင်တဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အသည်းကို ကျန်းမာစေဖို့ဆိုရင် အသီးအရွက် စားဖို့ကိုလည်း မေ့မထားပါနဲ့။
အခွံမာသီး
အခွံမာသီးတွေမှာ အသည်းကျန်းမာစေပြီး အသည်းအဆီဖုံးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် အီး ပါဝင်နေတာပါ။
အစေ့အဆန်တွေ
ဖရုံစေ့၊ နေကြာစေ့၊ အယ်လ်မွန်စေ့တွေက အသည်းကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။
နေ့စဉ် စားသုံးမှုတွေမှာ အခုပြောခဲ့တာတွေ ပါလား ဆန်းစစ်ပြီး မပါရင် ပါဝင်အောင် စားသုံးရင်း အသည်း ကျန်းမာရေးကို ထိန်းသိမ်းလိုက်ပါ။
မွန်မွန်